Bootstrap
Bootstarp ဆိုတာ HTML, CSS နဲ့ JavaScript တို့ပါဝင်တဲ့ Framework တစ်ခုပါ။ သူ့ကို Responsive Web Design တွေ ဖန်တီးဖို့ အသုံးပြုကြပါတယ်။
Responsive Web Design ဆိုတာ ဘာလဲ ?
အခုအချိန်မှာ လူအများစုက Desktop Persoanl Computer တွေအစား Mobile Device တွေကို ပိုပြီးအသုံးပြုတာ ပိုများလာပါတယ်။ ဘာလို့လဲဆိုတော့ အသုံးပြုရလွယ်ကူမှု၊ သယ်ဆောင်ရလွယ်ကူမှု အစရှိတာတွေကြောင့်ပါ။ Mobile Device တွေပေါ်မှာကလည်း အားလုံးနီးပါး ပြုလုပ်နိုင်လာတာလည်း ပါ ပါတယ်။ Online Shopping, E-Mail , Mobile Banking, Social Network တွေကို Mobile Device တွေပေါ်မှာ အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် Website တစ်ခုကို Desktop PC မှာသာမက Mobile Device တွေမှာပါ ကြည့်ရှုနိုင်ဖို့ လိုအပ်လာပါတယ်။ ဒီနေရာမှာ စပြီး ပြဿနာတက်ပါပြီ။ Desktop နဲ့ Mobile Device ရဲ့ Screen အရွယ်အစား မတူညီပါဘူး။ Screen Layout ပုံစံချင်းကလည်း မတူညီပါဘူး။ ဒီတော့ Desktop မှာ မြင်ရတဲ့ Screen ပုံစံကို Mobile မှာလည်း တစ်ထပ်တည်းတူညီအောင်မြင်ရဖို့ဆိုတာ အဆင်မပြေနိုင်ပါဘူး။ ဒီလိုပြဿနာအတွက် ဖြေရှင်းဖို့နည်းလမ်း (၂)မျိုးရှိပါတယ်။
ပထမတစ်ခုက add-on domain သုံးပြီး mobile သီးသန့် site တစ်ခု ဖန်တီးထားဖို့ပါပဲ။ ဥပမာ Facebook ရဲ့ ပုံမှ address က www.facebook.com ပါ။ Desktop PC ကနေ ၀င်ရောက်တဲ့အခါ web.facebook.com ကို ရောက်သွားမှာဖြစ်ပြီး Mobile Phone ကနေ ၀င်ရောက်ရင် mobile.facebook.com ကို ရောက်ရှိသွားမှာပါ။ အရမ်းကို ရှုပ်ထွေးလွန်းတဲ့ Website မျိုးတွေအတွက်သာ ဖန်တီးသင့်ပါတယ်။ Desktop PC အတွက် website တစ်ခု၊ mobile အတွက် website တစ်ခု ဖန်တီးရမှာဖြစ်တဲ့အတွက် ပင်ပန်းပါတယ်။ ပြီးတော့ maintenance အတွက်လည်း ရှိပါသေးတယ်။ Desktop PC အတွက် Post တစ်ခုအသစ်တိုးရင် mobileဘက်မှာလည်း ထပ်တိုးရမှာပါ။
ဒုတိယတစ်မျိုးကို Responsive Web Design လို့ ခေါ်ပါတယ်။ Responsive Web Design ဆိုတာ Webpage ကို ကြည့်ရှုတဲ့ Screen အရွယ်အစားပေါ်မူတည်ပြီး ချိန်ညှိပြီး ဖော်ပြပေးတာပါ။ Menu Bar တွေ Layout တွေကို Screen အကြီးအသေးအလိုက် သပ်သပ်ရပ်ရပ် ပြောင်းလဲစေပါတယ်။ ဒီအတွက် CSS 3 မှာ ပါဝင်လာတဲ့ Media Query အသုံး ပြုရပါတယ်။ Web Content တွေကို Screen Size အမျိုးမျိုးနဲ့ သင့်လျော်အောင် ဖော်ပြပေးနိုင်မယ့် CSS style များ ရေးသားရပါတယ်။ ဒါကို Responisve Web Design ရေးဆွဲတယ်လို့ခေါ်ပါတယ်။ တကယ်တမ်းရေးဆွဲတဲ့အခါ Webpage အသေးစားလေးတွေ အတွက် သိပ်ပြဿနာမရှိပေမယ့် နည်းနည်းရှုပ်ထွေးလာတဲ့အခါ CSS styleတွေရေးရတာ အနည်းငယ်အလုပ်များလာပါတယ် ( ကျွန်တော့်အတွက် :P ) . ဒီအတွက် Framework တွေ အသုံးပြုဖို့လိုအပ်လာပါတယ်။ Popular အဖြစ်ဆုံးနဲ့ အကောင်းဆုံး Framework ကတော့ Bootstrap ဖြစ်ပါတယ်။
Bootstrap ကို Mark Otto နဲ့ Jacob Thornton တို့က Twitter မှာ develop ပြုလုပ်ခဲ့ကြပြီးတော့ 2011, August လလောက်မှာ Open Source အဖြစ် ဖြန့်ဝေခဲ့ပါတယ်။ အဲ့အချိန်တုန်းက Bootstrap ကို Twitter Bootstrap လို့ ခေါ်ဝေါ်ခဲ့ကြတာပါ။ အခုဆိုရင် Bootstrap 3 အထိ ရောက်ရှိနေပါပြီ။ Bootstrapမှာ Grid System , Typography , Navbar အစရှိတာတွေ ပါဝင်ပြီးဖြစ်တဲ့အတွက် class သတ်မှတ်ပေးရုံနဲ့ Reponsive Web Design တွေကို သပ်ရပ်လှပစွာ ဖန်တီးနိုင်မှာပါ။
Bootstrap ရဲ့ အဓိကအားသာချက်တွေက -
- အသုံးပြုရလွယ်ကူတယ်
သာမာန် HTML / CSS knowledge ရှိသူတစ်ယောက်အနေနဲ့ Bootstrap ကို အသုံးပြုနိုင်ပါတယ်။
- Responsive အဖြစ်အသုံးပြုနိုင်တယ်
Bootstrap မှာ ပါဝင်တဲ့ CSS style တွေဟာ Responsive Web Design ရေးဆွဲဖို့ လုံးဝပြီးပြည့်စုံပါတယ်။
Bootstrap ကို getbootstrap.com မှ Download ယူပြီး သုံးနိုင်သလို CDN (Content Delivery Network) အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ CDN အဖြစ်သုံးမှာဆိုရင်တော့ <style> tag မှာ အောက်ပါအတိုင်းချိတ်ဆက်ပေးဖို့လိုပါတယ်။
<link rel="stylesheet" href="http://maxcdn.bootstrapcdn.com/bootstrap/3.3.6/css/bootstrap.min.css">
<script src="https://ajax.googleapis.com/ajax/libs/jquery/1.12.4/jquery.min.js"></script>
<script src="http://maxcdn.bootstrapcdn.com/bootstrap/3.3.6/js/bootstrap.min.js"></script>